ဦးနှောက်ဆိုတာ မေ့ဖို့ဖြစ်လာတာလား (သို့မဟုတ်) ခဏခဏ မေ့မေ့နေတာ ဘာလို့လဲ
ဘာပဲလုပ်လုပ် မေ့မေ့နေတာနဲ့တင် အလုပ်မတွင် ဖြစ်နေပြီလား? လူတော်တော်များများက သတိလက်လွတ်လုပ်မိရင်း အချို့သော အသေးအဖွဲလေးတွေကို မေ့တတ်ကြတာမျိုးတွေ ရှိတာကတော့ ပုံမှန်ပါပဲ။
ဦးနှောက်ကလည်း အချိန်တိုင်း မှတ်စရာတွေ များနေတော့ အချို့သောအရာတွေကို အရေးမကြီးတဲ့ အရာတွေလို့ သတ်မှတ်ရင်း မေ့ပစ်မိတတ်တာက ပုံမှန် ဖြစ်စဉ် တစ်ခုပေါ့။ ဒါကြောင့်ပဲ ဦးနှောက်ဆိုတာ မေ့ဖို့ ဖြစ်လာသလားလို့တောင် ထင်လည်း ထင်ချင်စရာပါ။ ဦးနှောက်က မေ့တာ ပုံမှန်ပဲ ဆိုပေမယ့် ခဏခဏ မေ့နေတာရဲ့ နောက်ကွယ်မှာတော့ အကြောင်းအရင်းတွေ ရှိနေပါတယ်။
ဒီတော့ ခဏခဏ မေ့တတ်နေတာက အခုလို အကြောင်းအရင်းတွေကြောင့်ပါ။
စိတ်ဓာတ်ကျတာ
စိတ်ဓာတ်ကျနေပြီဆိုရင် အာရုံစိုက်ဖို့ ခက်တာကြောင့် တစ်ခုခုဆို မှတ်မိနိုင်ဖို့ ခက်ခဲသလို ခဏခဏလည်း မေ့နေတတ်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျနေပြီဆိုရင်လည်း ခဏခဏမေ့တတ်ပါတယ်နော်။
စိတ်ဖိစီးတာ
စိတ်ဖိစီးတာကလည်း အာရုံစူးစိုက်နိုင်စွမ်းကို ထိခိုက်နိုင်စေပြီး ခဏခဏလည်း မေ့တတ်ပါတယ်။ စိတ်ဖိစီးနေပြီဆိုရင်လည်း ခဏခဏ မေ့တတ်နိုင်တာမို့ ဘာလေးပဲဖြစ်ဖြစ် မေ့နေပြီဆိုရင်တော့ စိတ်များဖိစီးနေပြီလား ဆိုတာကို ဆန်းစစ်ကြည့်လိုက်ပါ။
စိုးရိမ်စိတ်များတာ
စိုးရိမ်စိတ် လွန်ကဲတာတွေကလည်း ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို အနှောင့်အယှက် ဖြစ်စေပြီး ခဏခဏ မေ့တတ်ပါတယ်။ ဒါကြောင့် ခဏခဏမေ့တတ်နေပြီဆိုရင် စိုးရိမ်စိတ် များနေတာလားဆိုတာကိုလည်း ဆန်းစစ် ကြည့်လိုက်နော်။
အိပ်ရေးပျက်များတာ
အိပ်ရေးပျက်များတာ ခဏခဏ အိပ်ရေးပျက်တာကလည်း ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပြီး သတိမေ့တတ်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခဏခဏ မေ့တတ်တာကို စိတ်ကုန်နေပြီဆိုရင်တော့ အိပ်ရေးပျက်မခံပါနဲ့လို့ ပြောချင်ပါတယ်။
သောက်သုံးနေရတဲ့ ဆေးဝါးတွေ
အချို့သော သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်လည်း ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်းကို ထိခိုက်စေပြီး ခဏခဏ မေ့တတ်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးတွေကို မဖြစ်မနေမှပဲ သောက်ပါ။ မလိုအပ်ဘဲ ဆေးသောက်တာမျိုးကို ရှောင်ပါ။
အရက်အလွန်အကျွံသောက်တာ
အရက်အလွန်အကျွံသောက်တာ၊ ဆေးလိပ် အလွန်အကျွံသောက်တာတွေက ဦးနှောက်ကျန်းမာရေးကိုရော မှတ်မိနိုင်စွမ်းကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်ကျန်းမာချင်တယ် ခဏခဏ မေ့တတ်တာကို မကြိုက်ဘူးဆိုရင် အရက်ကို အလွန်အကျွံ မသောက်ပါနဲ့။
ဗီတာမင် ချို့တဲ့တာ
ခဏခဏ မေ့နေရတဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ ဗီတာမင် ချို့တဲ့တာကြောင့်ပါ။ ဗီတာမင်တွေကို လုံလောက်ပြည့်ဝစွာ မစားမိတာကလည်း ဗီတာမင် ချို့တဲ့မှုကို ဖြစ်စေပြီး ခဏခဏ မေ့တာမျိုး ခံစားရနိုင်ပါတယ်။
နေ့တိုင်းလိုလိုမှာ တစ်ခုခုကို စဉ်းစားလိုက်တိုင်း စဉ်းစားမရတာ ခဏခဏ မေ့တတ်တာက အခုလို အကြောင်းအရင်းတွေ ကြောင့်ပါ။
မွန်မွန်